Monday, March 18, 2013

Yangon Trip 3

ရန်ကုန် အကြောင်းရေးနေတာ ပို့စ်တစ်ခုနဲ့ တစ်ခုကြား ကြာသွားတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ချို့ဟာတွေမေ့သွားပြီး တစ်ချို့ဟာတွေက စိတ်ကူးထဲမှာအစီအစဉ်မကျတော့ဘူး။ ခရီးထွက်တဲ့အကြောင်းမပြောခင် ရန်ကုန်ရောက်တုန်း MTV Exit က စီစဉ်တဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး ပညာပေး live show လေးသွားကြည့်ဖြစ်တာပြောချင်သေးတယ်။

နိုဝင်ဘာလောက်က ဘယ်ကနေဘယ်လို ကိုယ့်ဆီ email ရောက်တာတယ်မသိဘူး MTV Exit က မြန်မာပြည်က လူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့နဲ့ ပူးပေါင်းပြီး ရန်ကုန်မှာ show တစ်ခုလုပ်မယ် ဆိုတာရောက်လာတယ်။ ကိုယ်သိပ်ကြိုက်တဲ့ Jason Mraz လည်း ပါမယ်ဆိုတော့ ကြည့်ချင်စိတ်က အစကတည်းက ဖြစ်နေပြီ။ ပွဲနေ့ကလည်း ကိုယ်ရန်ကုန်မှာရှိနေမယ်၊ လက်မှတ်ကလည်း free ဆိုတော့ စိတ်ဝင်စားသွားတယ်။ ဒါနဲ့ MTV Exit ဆီကလက်မှတ်ကို pre-registerd လုပ်ထားမိတယ်။ တကယ်တမ်း ရန်ကုန်ပြန်ခါနီးတော့ MTV Exit က လက်မှတ်လာထုတ်ဖို့ အီးမေးလ်ရောက်လာတယ်။ သူလက်မှတ်ထုတ်ခိုင်းတဲ့ နေ့က ကိုယ်ရန်ကုန်မရောက်သေးဘူး။ ဒါနဲ့ MTV Exit ကိုအီးမေးပို့ပြီး တခြားရက်မှာလာထုတ်လို့ရမလား၊ ဒါမှမဟုတ် ကိုယ်စားလာထုတ်ရမလား ဆိုပြီး လှမ်းမေးလိုက်တယ်။ MTV Exit ရဲ့ response က မြန်ပြီး အရမ်းကောင်းပါတယ်။ လက်မှတ်ထုတ်လို့ရမယ့် ရက် ၄ရက်နဲ့ အချိန်တွေကို သေချာပြောပြပေးထားတယ်။ ဒီလိုနဲ့ အီးမေးလ်တွေ အပြန်အလှန်ပို့ပြီး ရန်ကုန်အိမ်က မောင်နှမတွေကို လက်မှတ်သွားထုတ်ဖို့ စီစဉ်ခိုင်းရတယ်။ တကယ်တမ်းကျတော့ pre-registerd လုပ်ထားတဲ့ လက်မှတ်ကို သွားမထုတ်ဖြစ်ပါဘူး။ သူလက်မှတ်ဝေနေတဲ့ နေရာတွေထဲမှာ ကိုယ့်ရပ်ကွက်ထဲက electric ဆိုင်တစ်ဆိုင်လည်း ပါတာမို့ အဲ့ဒီမှာပဲရလိုက်တယ်။ အလကားဝေတာဆိုတော့ သိပ်မယူချင်တာနဲ့ ၁၀စောင်ပဲ ယူလိုက်တယ်။ သိပ်မများပါဘူးနော်။

JM Mtv Exit
ဒါက ကြေငြာအီးမေးလ်မှာ ပါတဲ့ပုံပါ... ဘယ်လောက်စိတ်ဝင်စားစရာကောင်းလဲနော်

ပွဲနေ့မှာတော့ အိမ်ကမောင်နှမတွေရယ်၊ ရန်ကုန်အတူပြန်တဲ့ သူငယ်ချင်းတွေရယ် အတူတူသွားကြည့်ဖြစ်တယ်။ လက်မှတ်ရပြီးပေမယ့် လူသိပ်များရင်တော့ ဝင်ခွင့်မပေးတော့ပါဘူးလို့ စည်းကမ်းချက်ထဲမှာပါတော့ ပွဲမစခင် ညနေအစောကြီးသွားပြီး တန်းစီကြရတယ်။ ပွဲလုပ်မယ့် ပြည်သူ့ရင်ပြင်ဘက်ကိုသွားတဲ့ ကားလမ်းတွေလည်း တဖြေးဖြေးပိတ်လာတယ်။ ကိုယ်တွေရောက်တော့ ကိုယ့်ထက်စောတဲ့လူတွေက မနည်းဘူးပဲ။ နောက်မှရောက်လာတဲ့ လူတွေကတော့ ကားဝင်လို့ မရတော့တာမို့ ဟိုးလမ်းဆုံတွေကနေ လမ်းလျှောက်ဝင်လာကြရတယ်။ ကိုယ့်နေရာမှာ ကိုယ့်လူတွေနဲ့ အတူတန်းစီရတာ ပျော်ဖို့တော့ ကောင်းနေတာအမှန်ပဲ။ ညနေနေပူပူမှာ မပူနိုင်ဘဲ လှလှပပ ဝတ်စားလာကြတာကိုလည်း မမောနိုင်မပန်းနိုင်လိုက်ကြည့်နေမိတယ်။ တကယ်တမ်းပွဲမစခင် ၂နာရီလောက်ကတည်းက အပြင်မှာ မတ်တပ်ရပ်နေကြရတာကိုကြည့်ရင် ကိုယ့်လူမျိုးတွေ ဘယ်လောက်ပွဲမက်တယ်ဆိုတာ သိသာတယ်။ ကိုယ်တွေလည်း အပါအဝင်ပေါ့။

ရင်ပြင်ထဲ ဝင်ခွင့်ပေးတဲ့အခါ ထုံးစံအတိုင်း တိုးကြိတ်ဝင်ရတယ်။ လူဝင်ပေါက်မှာ တစ်ယောက်ဝင်စာ box လေးတွေလုပ်ပြီး စစ်ပြီးဝင်ခိုင်းပေမယ့် လူတွေကတော့ တိုးတာကတိုးတာပါပဲ။ ရေသန့်ဗူး၊မုန့် လိုမျိုးတွေပါရင် ယူခွင့်မပေးပါဘူး၊ အဝင်ဝမှာကတည်းက စစ်ပြီး ယူထားလိုက်ပါတယ်။ ညနေစာမစားရသေးလို့ ပေါင်မုန့်လေးတွေဝယ်လာတာ ပါသွားတာပေါ့။ ဒါပေမယ့်လည်း ရေသန့်ဗူးတွေ သိမ်းယူလိုက်တာမျိုးကတော့ ဖြစ်သင့်ပါတယ်။ အနည်းဆုံး ရေသန့်ဗူးနဲ့ပေါက်တာမျိုး မခံရတော့ဘူးပေါ့။ အထဲရောက်သွားတော့ စင်ရှေ့နားမသွားသေးဘဲ လူကုန်ကူးမှုနဲ့ပါတ်သတ်တဲ့ ပြခန်းလေးတွေမှာ လျှောက်ကြည့်ဖြစ်သေးတယ်။ ပြီးတော့ သောက်ရေသန့်နဲ့ coke တွေကို ဝေနေတာတွေ့လို့ သွားယူလိုက်သေးတယ်။ အပြင်ဘက်မှာ တန်းစီတုန်းက ရေငတ်လို့ငတ်မှန်းမသိ တမျှော်မျှော် လျှောက်ကြည့်နေခဲ့မိတယ်။ ပွဲပြီးတဲ့အချိန်အထိ ရေသန့်နဲ့ coke တွေကို လိုသလောက်ဝေပေးနေတယ်။ စားစရာတွေ သယ်သွားလို့မရတော့ အအေး နဲ့ ရေ တွေပဲ လိမ့်သောက်ကြရတယ်။

စင်ရှေ့ကိုရောက်တော့ ကိုယ့်ရှေ့ကလူတွေ အတော်လေး နေရာယူနှင့်နေပြီ ဆိုတော့ ကိုယ်တွေက အလယ်နားလောက်ပဲ နေရာရပါတယ်။ အရပ်က ပုပြီး ရှေ့လူတွေက ကွယ်နေတော့ စင်လည်း သေချာမမြင်ရပါဘူး။ နောက်ဘက်နားမှာ projectorနဲ့ပြနေတာကျတော့လည်း သွားမကြည့်ချင်ပါဘူး။ အဆိုတော် မြင်ရသည်ဖြစ်စေ၊ မမြင်ရသည်ဖြစ်စေ live show ပွဲဆိုတာကို တကူးတက ရောက်လာပြီးမှတော့ စင်ရှေ့နားမှာပဲ နေချင်တယ်လေ။ သိပ်မကြာခင်မှာပဲ ပွဲအဖွင့်ကို ချမ်းချမ်းရဲ့ သီချင်းနဲ့ဖွင့်ပါတယ်။ အဆိုတော် တစ်ဦးကို သီချင်း၂ပုဒ်နှုန်းနဲ့ပဲ ဖျော်ဖြေဖို့ အချိန်ရပါတယ်။ ချမ်းချမ်း၊ ဖြူဖြူကျော်သိန်း၊ Rဇာနည်၊ ဖြိုးကြီး၊ ချစ်သုဝေ၊ လင်းလင်း နဲ့ စိုင်းစိုင်းခမ်းလှိုင်တို့ အလှည့်ကျ ဆိုသွားကြတယ်။ Rဇာနည်နဲ့ စိုင်းစိုင်းကိုတော့ အကြိုက်ဆုံးပါပဲ။ ကျန်တဲ့လူတွေကတော့ ပွဲထဲပါနေလို့ ကြည့်လိုက်တဲ့ သဘောလောက်ပဲကြိုက်တယ်။ လက်ခုပ်သံလေးတွေ ကြားချင်ပါတယ်ဆိုပြီး ပရိသတ်လက်ခုပ်သံကို တောင်းယူရတဲ့ အဆိုတော်ကိုတော့ တော်တော်သနားသွားမိတယ်။ ကြိုကျားကြိုကျားမှာ လူကုန်ကူးမှုနဲ့ပါတ်သတ်တဲ့ ပညာပေးအစီအစဉ်လေးတွေထည့်ထားတယ်။ Australian Ambassador, US Ambassador နဲ့ တခြားorganisation တွေက တာဝန်ရှိသူတွေက စကားတွေတက်ပြောကြတယ်၊ ဇာတ်လမ်းတိုလေးတွေပြတယ်။ ပရိသတ်ကလည်း သေသေချာချာ လိုက်နားထောင်ကြတာတွေ့ရတော့ စိတ်ချမ်းသားဖို့ကောင်းတယ်။ ပြီးတော့ ရန်ဖြစ်တာ၊ ဆဲတာဆိုတာတွေ မတွေ့ခဲ့ရပဲ ပျော်ပျော်ရွှင်ရွှင် ကခုန်နေကြတာတွေ့ရတော့ ပိုလို့တောင် စိတ်ချမ်းသာမိပါတယ်။ စည်းကမ်းရှိရှိနဲ့ ပျော်ကြစေချင်တာပါပဲ။

မြန်မာအဆိုတော်တွေပြီးတော့ ထိုင်းက slot machine ဆိုတဲ့အဖွဲ့ ဖျော်ဖြေပါတယ်။ မျှော်လင့်နေတဲ့ Jason Mraz ကြီးမလာသေးတော့ စိတ်ညစ်သွားတယ်။ ဒါပေမယ့် မမျှော်လင့်ထားတဲ့ slot machine အဖွဲ့က "မင်္ဂလာပါ၊ we come from ယိုးဒယား" ဆိုတာကနေစပြီး သီချင်းပေါင်းများစွာနဲ့ ပရိတ်သတ်ကြီး တစ်ခုလုံးကို ထိန်းသွားနိုင်ပါတယ်။ သူတို့ရဲ့ယိုးဒယားဘာသာစကားကို ပရိသတ်အများစုက နားမလည်ပါဘူး။ ဒါပေမယ့် လူမျိုးတိုင်း နားလည်နိုင်တဲ့ ဂီတနဲ့ ထိန်းသွားနိုင်တဲ့အထိ တော်ကြပါတယ်။ ရှေ့ထွက်မြန်မာအဆိုတော်တွေအနေနဲ့ အတုယူဖို့ကောင်းပါတယ်။

နောက်ဆုံးမှာတော့ အများမျှော်လင့်တောင့်တနေတဲ့ Jason Mraz ကြီးထွက်လာပါပြီ။ သူထွက်လာတဲ့အချိန်မှာတော့ ထုံးစံအတိုင်း တီးဝိုင်းအပြင်အဆင်တွေကို ပြင်လိုက်ရုံမက မီးအရောင်ကအစ သူ့အရောင်ဖြစ်သွားပါတယ်။ သူ့ setting နဲ့ သူလာတာကိုးလို့ အဲ့ဒီတော့မှ သဘောပေါက်တယ်။ စင်အပြင်အဆင်၊ အသံပိုင်းဆိုင်ရာနဲ့ အလင်းပိုင်းတွေဟာ မြန်မာပြည်မှာတော့ အထူးခြားဆုံး၊ အကောင်းဆုံးပွဲတစ်ခုဖြစ်မယ်လို့ထင်ပါတယ်။

မင်္ဂလာပါ မြန်မာ လို့ နှုတ်ဆက်လိုက်တဲ့ Jason Mraz

စောင့်ရတာနဲ့တန်အောင်ကို Jason Mrazက ထွက်လာတာနဲ့ ၇ ပုဒ်ဆက်တိုက် ဆိုသွားပါတယ်။ ပြီးတော့ မင်္ဂလာပါ မြန်မာဆိုပြီး နှုတ်ဆက်လိုက်ပုံက မြန်မာတို့အတွက်သည်းခြေခိုက်ပေါ့။ Jason Mraz ရဲ့ "Lucky" သီချင်းကို ဖြူဖြူကျော်သိန်း နဲ့အတူ စုံတွဲဆိုကြပါသေးတယ်။ Jason Mraz က အင်္ဂလိပ်လိုဆိုပြီး ဖြူဖြူက မြန်မာလိုဆိုပါတယ်။ ဖြူဖြူဆိုမယ့် မြန်မာစာသားကို လင်းလင်းက ရေးပေးတယ်လို့သိရပါတယ်။ သီချင်းအပြီးမှာ ကျေးဇူးတင်ပါတယ်ဖြူဖြူ လို့ Jason Mrazကဆိုတော့ ပရိသတ်ပွဲကျသွားပါတယ်။ Jason Mraz က MTV Exit ရဲ့ ဒီပွဲအတွက် တာဝန်ရှိသူအနေနဲ့ ကျေးဇူးတင်စကားပြောပါတယ်။ နောက်ဆုံးမှာ ကျေးဇူးဖြူဖြူ၊ ဖြိုးကြီး၊ စိုင်းစိုင်း . . . ဆိုပြီး မြန်မာအဆိုတောင်တွေကိုလည်း မြန်မာသံပီပီသသနဲ့ ကျေးဇူးတင်သွားပါသေးတယ်။ ဒီမှာတင်ပွဲကပြီးပြီလားဆိုတော့ မပြီးသေးပါဘူ။ Jason Mraz ဆက်ဆိုပါဦးမယ်။ ဒါပေမယ့် အချိန်နည်းနည်းလင့်နေတာနဲ့ အိမ်ပြန်ဖို့ တိုင်ပင်ကြပြီး ပြည်သူ့ရင်ပြင်ထဲက ပြန်ထွက်လာကြတယ်။ အထွက်လမ်းတစ်လျှောက် ငေးလိုက်လျှောက်လိုက်ပေါ့။ ရောင်စုံမီးရောင်အောက်မှာ စည်းကမ်းရှိရှိ၊ အေးအေးချမ်းချမ်း ကြည့်နေကြတာတွေ့တော့ ကြည်နူးမိတယ်။ (ရင်ပြင်အနှံ့ပျံ့ကြဲနေတဲ့ အမှိုက်တွေကလွဲလို့၊ အများက မြေပြင်ပေါ်ရပ်ကြည့်နေစဉ်မှာ အပေါ်ဘက်အထူးတန်းပွဲကြည့်စဉ်က ထိုင်ခုံနဲ့ထိုင်ကြည့်တဲ့လူတွေက မတ်တပ်ထထရပ်လို့ ထိုင်ပါလို့ presenter တွေက ခဏခဏပြောရတာကလွဲလို့ပေါ့)။



အပြန်ကျတော့ အိမ်ဘက်ကို ငှားတဲ့ကားကအခက်အခဲဖြစ်နေတာရယ်၊ ညစာစားဖို့ ဆာနေကြပြီဖြစ်တာရယ်ကြောင့် အိမ်တန်းမပြန်ဘဲ လမ်း၂၀ ဘက်ကို ခြေဦးလှည့်ပြီး ညစာစားကြပါတယ်။ ဒါကတော့ ရန်ကုန်မှာရှိနေတဲ့ အချိန်တွေထဲက အမှတ်တရ တစ်ခုပါ။ ပုဂံခရီးစဉ်အကြောင်းကို ရေးပါဦးမယ်။

MTV Exit အကြောင်းစိတ်ဝင်စားမယ်ဆိုရင် အောက်ကလင့်တွေမှာ သွားကြည့်နိုင်ပါတယ်။
Ref:
http://mtvexit.org/worldstage/
https://www.facebook.com/MTVEXIT
http://www.youtube.com/user/MTVEF

Thursday, February 21, 2013

Yangon Trip 2

ပြန်ရောက်ပြီး တစ်ပါတ်လောက်ကတော့ ဒီလိုပဲအချိန်ကုန်သွားတယ်။ ဦးလေးတွေ၊ အဒေါ်တွေကန်တော့တယ်။ အမေနဲ့ ဈေးဝယ်ထွက်တယ်၊ ဟိုသွားဒီသွားသွားတယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ မင်္ဂလာပွဲတက်စရာရှိလို့ ပွဲတက်ဝတ်စုံသွားရှာပြီး ချုပ်စရာရှိတာချုပ်ဖို့ စီစဉ်ရတယ်။ မြန်မာပြည်ရဲ့ ဝန်ဆောင်မှုလုပ်ငန်းတချို့ဟာ အတော်လေး ညံ့နေသေးတာတွေ့ရတယ်။ ပွဲတက်ဝတ်စုံလိုချင်လို့ မြန်မာဝတ်စုံ ချုပ်ပြီးသားတွေရှိတယ် ဆိုတဲ့ ဆရာစံလမ်းက ဆိုင်တစ်ဆိုင်ကို သွားခဲ့တယ်။ ဆိုင်က အတော်လေးကျယ်ပေမယ့် အခင်းအကျင်းကတော့ စိတ်ဝင်စားစရာ သိပ်မကောင်းလှဘူး။ ဆိုင်ထဲဝင်သွားပေမယ့်လည်း ကိုယ့်ကိုခရီးဦးကြိုမယ့်သူမရှိဘူး။ ဆိုင်အတွင်းဘက်ကို လျှောက်သွားတဲ့ ဝန်ထမ်းတစ်ယောက်ရယ်၊ တခြားဈေးဝယ်သူနဲ့ အလုပ်ရှုပ်နေတဲ့ ဝန်ထမ်းတစ်ယောက်ရယ်ပဲတွေ့တယ်။ ဒါလည်း ကိစ္စတော့မရှိသေးပါဘူး။ ကိုယ်လိုချင်တာ ရမလား ကိုယ့်ဟာကိုယ် ဆိုင်ထဲလှည့်ပတ်ကြည့်တယ်။ ပိုးထည်တွေထားတဲ့ ဆိုင်အတွင်းပိုင်းကို ရောက်သွားတော့မှ ဝန်ထမ်းလေး၊ငါးယောက် ရှိနေတာတွေ့တယ်။ ထမင်းစားသူကစားပြီး စကားတွေပြောနေသူတွေကပြောနေတယ်။ ရှေ့လျှောက်လည်း ကြည့်ချင်စိတ်မရှိတော့တာနဲ့ ပြန်ထွက်လာခဲ့ရတယ်။

ရောက်ခါစ ရက်တွေက အိုက်လို့ အိပ်မရပေမယ့် ၃ရက်လောက်အကြာမှာ ရန်ကုန်ဆောင်းက အေးစပြုလာတယ်။ အစကတည်းက အအေးကြောက်တတ်တော့ ရေချိုးရင်လည်း ရေနွေးစပ်ချိုးရတယ်။ အိမ်ကလူကြီးတွေလည်း တစ်နှစ်ထက်တစ်နှစ် ပိုပိုအသက်ကြီးလာပြီဆိုတော့ အိမ်မှာ water heater တပ်ဖို့တိုက်တွန်းရတော့တယ်။ အရောင်းဆိုင် သုံးဆိုင် စုံစမ်းပြီးတဲ့အခါ ဘားလမ်းမှာရှိတဲ့ဆိုင်ကပဲ ဝယ်တပ်လိုက်တယ်။ တပ်ခပေးရင် အိမ်မှာလာတပ်ပေးတယ်ဆိုတာနဲ့ တခါတည်းလာတပ်ခိုင်းလိုက်တယ်။ စက်တပ်ပြီးပေမယ့် သုံးလို့မရသေးပြန်ဘူး။ ကျောက်မြောင်းအိမ်တွေရဲ့ ထုံးစံအတိုင်း မီးအားမနိုင်မှာစိုးလို့ မီးဘုတ်ခုံတစ်ခုထိုင်ဖို့ လုပ်ရသေးတယ်။ စက်ရွေးတုန်းကလည်း ဝပ်အားကို ဂရုမစိုက်မိလိုက်ကြဘူး ဖြစ်သွားတယ်။ ကုန်ကျစရိတ်ကတော့ Media တံဆိပ် water heater က ကိုးသောင်းရှစ်ထောင်၊ တပ်ဆင်ခက နှစ်သောင်း၊ မီးကြိုးနဲ့မီးကြိုးရိုက်ခတွေက တစ်သောင်း (သို့)တစ်သောင်းခွဲ လောက်ပဲကုန်ပါတယ်။ နောက်နေ့တွေမှာ ရေနွေးနဲ့ ရေချိုးလို့ရသွားတာပေါ့။ တစ်ခုတော့ရှိတယ်၊ ရေကန်ကနိမ့်နေလို့ ရေမချိုးခင် အပေါ်ထပ်က ရေကန်ထဲ ရေအပြည့်ဖြည့်ပြီးချိုးရတယ်။ ဒါတောင် pump ပါပြီးသား စက်ကိုဝယ်လိုက်မိပေလို့။ မဟုတ်ရင် pump ပါထပ်တပ်ရလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ရေနွေးနွေးလေးနဲ့ ချိုးလို့ရသွားတာပေါ့လေ။

ရန်ကုန်ရောက်ခါစက မနက်စောစောနဲ့ ညမိုးချုပ်ပိုင်းမှာ အင်တာနက်ခဏသုံးဖြစ်တယ်။ တကယ်ဆို ရန်ကုန်ပြန်သွားပြီး အင်တာနက်သုံး၊ ဖေ့ဘွတ်ဖတ်၊ အီးမေးစစ်တာတွေ လုပ်ဖို့ဘယ်တန်မလဲ။ အဲ့လိုမဖြစ်အောင်လည်း ရန်ကုန်မပြန်ခင် ဖေ့ဘွတ်အကောင့်ကို ပိတ်ပစ်ခဲ့တယ်။ စိတ်ရော၊ လူရော အနားပေးချင်တယ်ဆိုပြီး အိမ်အလုပ်တွေလည်း ဘာမှကို သိပ်မလုပ်ဖြစ်ဘူး။ အမေ၊ ညီမနဲ့ ယောင်းမတို့ ချက်ကျွေးတာစားတယ်။ ကိုယ့်အိမ်ရောက်နေလို့ထင်တယ် စားမကောင်းဘူး၊ မစားနိုင်ဘူး ဆိုတာ မရှိပါဘူး။ နေ့ခင်းဘက်ဆို အပျင်းကြီးနေပြီး ညနေထမင်းစားပြီးချိန် ကျောက်မြောင်းကို ပတ်ပြီး လျှောက်ကြည့်တယ်။ ညကျတော့ TV ကြည့်တယ်။ ဒီလို အေးအေးလူလူ အချိန်တွေကို ခံစားလို့မဝသေးချိန်မှာ လမ်းထဲက ဘုရားပွဲနဲ့ တွေ့တော့တာပါပဲ။

ကိုယ်ပြန်တဲ့အချိန်က ရပ်ကွက်ထဲမှာ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲလုပ်တဲ့အချိန် ဖြစ်နေတယ်။ ဘုရားပွဲ မစခင် ၄၊ ၅ ရက်လောက် ကြိုပြီး ပွဲဈေးတန်းက တည်နှင့်နေပြီ။ ရေမုန့်၊ ဘိန်းမုန့်၊ ထမနဲ၊ မုန့်ဟင်းခါး၊ အကြော်စုံ၊ တုတ်ထိုးသည် ကနေ စပြီး ပန်းကန်သည်၊ အိပ်ရာခင်း ခြင်ထောင်သည်၊ စောင်သည် အမျိုးမျိးသော အသည်တွေက ဘုရားပွဲ မစခင် နေရာခင်းနှင့်နေပြီ။ တစ်ည၊ တစ်ည ပွဲဈေးပတ်လိုက် ကြုံရာမုန့်တွေ ဝယ်စားလိုက်နဲ့ နေရတာလည်း အင်မတန်ပျော်စရာကောင်းပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ လမ်းထဲက မဲပေါက်တဲ့ နှစ်ကျိပ်ရှစ်ဆူဘုရားအတွက် လုပ်ထားတဲ့ ရာယီစံကျောင်းနေရာကနေ အသံကုန်အော်လိုက်တာ လန့်ကိုနိုးရော။ တကယ်ပါ အိပ်ပုပ်ကြီးနေတာမဟုတ်ရပါဘူး။ မနက်အစောကြီးကို လော်စပီကာနဲ့အော်ဖွင့်တာ။ ဖွင့်ထားတာက တရားခွေဆိုတော့လည်း စိတ်ဆိုးပြန်ရင် နေရင်းထိုင်ရင်း ငရဲကြီးဦးမယ် ဆိုတော့ ဒီလိုပဲ ကြိတ်မှိတ်နေကြရတယ်။ နေ့လည်နေ့ခင်းလည်း မနားတမ်းဖွင့်ထားတယ်။ ဒီကြားထဲ ဘေးအိမ်က ဆောက်လက်စတိုက်အသစ်ကလည်း အချောသပ်နေတဲ့အဆင့်မို့ အလုပ်သမားတွေအသံ၊ ရေဘော်ထိုးသံ၊ သံဖြတ်သံတွေနဲ့ တအုန်းအုန်းဖြစ်နေသေးတော့တာ။ ကိုယ့်အိမ်ထဲက လူအချင်းချင်းတောင် စကားပြောရင် သေချာမကြားရတော့ ဖုန်းပြောဖို့ ပိုပြီး အခက်တွေ့ပါတယ်။ ကြံရာမရတဲ့အဆုံး တစ်အိမ်လုံး အသံအလုံဆုံးဖြစ်တဲ့ ရေချိုးခန်းတို့၊ အိမ်သာတို့ထဲ ဝင်ပြောရတော့တယ်။ သုံးရက် လေးရက်လောက် ဒီအသံတွေကြားထဲ နေပြီးတော့ မိသားစုနဲ့ အတူသွားဖို့ စီစဉ်ထားတဲ့ ပုဂံဘုရားဖူးထွက်သွားတာကြောင့် သိပ်တော့နားမပူလိုက်ပါဘူး။

ပုဂံခရီးစဉ်အကြောင်း ဆက်ရေးပါဦးမယ်။

Wednesday, January 23, 2013

Yangon Trip 1

ဒီဇင်ဘာမှာ ရန်ကုန်ပြန်ဖြစ်တယ်။ တကယ်က ဒီဇင်ဘာပြန်ဖြစ်ဖို့ကို စက်တင်ဘာလောက်ကတည်းက လေယာဉ်လက်မှတ်ကြိုဝယ်ပြီး စီစဉ်ထားတာပါ။ ဒီဇင်ဘာရောက်တိုင်း company က year-end-off ရှိနေတော့ အဲ့ဒီမတိုင်ခင်ကို ခွင့်ယူလိုက်တော့ ရန်ကုန်ကို သုံးပါတ်ကျော်ပြန်ဖို့အခွင့်အရေးရသွားတယ်။ ဒါကြောင့်လည်း ဒီဇင်ဘာပဲ ရန်ကုန်ပြန်ဖြစ်တယ်။

ရန်ကုန်ပြန်ခါနီးတိုင်း လက်ဆောင်ပစ္စည်းတွေ အပြေးအလွှားဝယ်ရတဲ့ ဒုက္ခကလွတ်အောင်ဆိုပြီး ဒီနှစ်တော့ လက်ဆောင်တွေကြိုဝယ်ထားလိုက်တယ်။ ဒါတောင် ဝယ်ဖို့မေ့နေတဲ့ ပစ္စည်းတွေနဲ့ စားစရာတစ်ချို့ကို မပြန်ခင်တရက်မှာမှ ဝယ်ဖြစ်တော့ လေဆိပ်မဆင်းခင် တစ်ရက်အလိုညမှာ ပြာယာခတ်ပြီး ပစ္စည်းလိုက်ဝယ်ရတယ်ဆိုတဲ့ ထုံးစံထဲပဲ ပြန်ရောက်တယ်။

မနှစ်က (၂၀၁၁) ပြန်တုန်းက MAI နဲ့ ပြန်တော့ check-in ဝင်တဲ့နေရာမှာရယ်၊ လေယာဉ်အချိန်နောက်ကျတာရယ်မှာ ပြသနာဖြစ်တော့ ဒီနှစ်တော့ ပိုးသားလေကြောင်းနဲ့ပဲပြန်ဖြစ်တယ်။ MAI ကို ပထမဆုံးစီးဖူးပြီး နောက်မစီးတော့ဘူးလို့ ဖြစ်သွားရတာကို မကြိုက်ဘူး။ ဘာလို့ မြန်မာပြည်လေကြောင်းလိုင်းနဲ့ မပြန်တာလဲလို့ ရုံးကလူတွေမေးတဲ့အခါ ပြုံးသာပြနေရတာမျိုးကိုလည်း မကြိုက်ပါဘူး။ ဒါပေမယ့် နောက်နှစ်ခါလည်း ပိုးသားလေကြောင်းနဲ့ပဲ ပြန်ဖြစ်ဖို့များပါတယ်။

ရန်ကုန်လေဆိပ်ရောက်တော့ လဝကမှာ နာရီဝက်နီးပါး တန်းစီလိုက်ရတာကလွဲလို့ ကျန်တာပုံမှန်ပါပဲ။ လာကြိုနေကြတဲ့ မိသားစုကလည်း လည်တမျှော်မျှော်နဲ့ပါပဲ။ အပြင်ရောက်တော့ လာကြိုနေကျ taxi အစုတ်ကြီးတော့မဟုတ်တော့ဘဲ အတော်သားနားပြီး အဲကွန်းဖွင့်ထားတဲ့ taxi ဖြစ်နေပြီ။ taxi မောင်းတဲ့အစ်ကိုကြီးက ကားပြောင်းလိုက်တယ်ဆိုပဲ။ တလမ်းလုံးတွေ့သမျှကားတွေလည်း တော်တော်လေးကိုသစ်နေတာ တွေ့ရတယ်။ တစ်ချို့ကားတွေကို ကိုယ်သိပြီး၊ တစ်ချို့ကားတွေကတော့ ကိုယ်တစ်ခါမှမမြင်ဖူးတာပဲရှိတယ်။

လမ်းမှာ ကားလမ်းပိတ်တာနဲ့ သိပ်မကြုံခဲ့တော့ အိမ်ကို ခပ်မြန်မြန်ပဲရောက်သွားတယ်။ အိမ်ရောက်တော့ အိမ်က လူကြီးမိဘတွေကို နှုတ်ဆက်ရင်း အိမ်မှာအမြဲတည်ထားတတ်တဲ့ အကြမ်းရည်အိုးက ရေနွေးကြမ်းကို သောက်လိုက်ရတာကိုက ဘာနဲ့မှမလဲနိုင်တဲ့ အရသာပဲထင်တယ်။ ညနေစာ စားသောက်ပြီးတော့ အိမ်က မောင်တွေ၊ ညီမတွေက ကိုယ့်နားမှာ ရစ်သီနေကြတယ်။ သူတို့မှာလိုက်တာလေးတွေများ ပါလာလား၊ ဘယ်လိုမျိုးလေးလည်း သိချင်ကြတယ်လေ။ ဒါနဲ့ luggage ကြီးဖွင့်၊ ဟိုလူ့ ဟိုဟာလေးပေး ဒီလူ့ ဒီဟာလေးပေးနဲ့ ညဦးပိုင်းကာလ ကုန်ဆုံးသွားတယ်။

ဒီလိုနဲ့ အိပ်ချိန်ရောက်လာရော။ ကိုယ့်အိမ်ကိုယ်ပြန်ရောက်တယ်ဆိုပေမယ့် ပထမညတော့ အလူးအလဲနဲ့ သိပ်အိပ်မရဘူး။ ညတရေးနိုးတော့ ဒီဇင်ဘာညကြီး ချွေးဒီးဒီနဲ့ဖြစ်နေပြီ။ ခြင်ထောင်ထဲမှာ မအိပ်တတ်တော့တာလည်း ပြသနာတစ်ခုပဲ။ ဒါနဲ့ မာတာမိခင်ကို အားနာနာနဲ့ နှိုးပြီး air-con ဖွင့်လို့ရမလား မေးရတယ်။ ကိုယ်အိုက်ပေမယ့် သူတို့အထာကိုတော့ မသိဘူးဖြစ်နေပြန်တယ်။ air-con ဖွင့်လိုက်မှပဲ အိပ်ပျော်သွားတော့တယ်။ နောက်ညတွေလည်း air-con ဖွင့်အိပ်ရတာပါပဲ။ ရန်ကုန် ဒီဇင်ဘာဦးပိုင်းဟာ ဒီလိုပဲ အိုက်စပ်စပ်ဖြစ်လေ့ရှိတယ် ထင်တာပဲ။

ရန်ကုန်မှာကြာကြာနေခဲ့တယ်ဆိုတော့ ရေးစရာတွေများမယ်ထင်တာပဲ။ ဆက်ရေးဖို့ကြိုးစားပါဦးမယ်။

Friday, November 16, 2012

Double

ဘဝမှာ နှစ်ခါထပ်လုပ်ရတဲ့အလုပ်၊ နှစ်ခေါက်သွားခဲ့ရတဲ့ လမ်းခရီး စတာတွေလို နှစ်ထပ်လုပ်လိုက်ရတာတွေ ရှိတတ်ပါတယ်။ အဲ့လို နှစ်ခါထပ်နေတာတွေထဲမှာ ထူးထူးခြားခြား နာမည်နှစ်လုံးထပ်တဲ့ လူတွေနဲ့ ဆုံခဲ့ရတာလေးကို တွေးမိသွားတယ်။

ငယ်ငယ်ကလေးဘဝကတည်းက နာမည်နှစ်လုံးထပ်တဲ့ သူငယ်ချင်းတွေနဲ့ ဆုံဖူးကြမှာပဲ။ ဒီတော့ သူငယ်ချင်း၊ အသိမိတ်ဆွေတွေထဲက နာမည်နှစ်လုံးထပ်သူတွေကိုတော့ ဒီနေရာမှာ မပြောဘဲ ချန်ထားခဲ့ပါမယ်။ လောလောဆယ် အတွေးထဲရောက်လာတဲ့ နာမည်တွေက စင်ကာပူကို ရောက်ကာမှ ဆုံရတဲ့ နာမည်နှစ်လုံးထပ်တွေပါ။

ပထမဆုံး စင်ကာပူကို စလာမယ်ဆိုတော့ အိမ်စီစဉ်ပေးတာက ဒေါ်ဌေးဌေး ဆိုတဲ့အန်တီကြီးပါ။ ဒေါ်အေးအေးဆိုတဲ့ သူ့ညီမအိမ်မှာ နေဖို့ စီစဉ်ပေးတာပါ။ တစိမ်းတရံတွေထဲမှာ ပထမဦးဆုံး မှတ်မိနေတဲ့ နာမည်နှစ်လုံးထပ် နှစ်ယောက်ဆိုပါတော့။ စင်ကာပူရောက်ရောက်ချင်း ဒေါ်အေးအေး အိမ်မှာနေပါတယ်။ တစ်လလောက်အကြာမှာတော့ အလုပ်လည်းရပြီဆိုတာနဲ့ မနီးမဝေးက တခြားအိမ်ကို ပြောင်းဖို့ဖြစ်လာပါတယ်။

ဒုတိယအိမ်ပေါ့။ ဒုတိယအိမ် အိမ်ရှင်တွေကတော့ နာမည်နှလုံးထပ်တယ် မထင်ပါဘူး။ မထင်ဘူးလို့ပြောရတာက သူတို့နာမည်တွေကို သေချာမသိခဲ့ဘူးရယ်လေ။ ဒါပေမယ့် အဲ့ဒီအိမ်မှာ အတူနေရတဲ့အခန်းဖော် နာမည်က သိမ်းသိမ်းစိုး(စာလုံးပေါင်းအမှန်လည်း မသိပြန်ဘူးဆိုတော့။ ပေါင်းချင်သလိုပေါင်းလိုက်တယ်)။ စင်ကာပူရောက်မှ တွေ့ရတဲ့အခန်းဖော်ပေမယ့် သူကလည်း တက္ကသိုလ်မှာ တစ်ကျောင်းတည်းသားမို့ တွေ့ပြီးတာနဲ့ ခင်မိသွားကြတယ်။ နောက်ထပ် အဲ့ဒီအိမ်မှာ ခင်မင်ရတဲ့ အစ်မတစ်ယောက်က မလွင်လွင်စိုး ဆိုသူပါ။ အစ်မကြီးတစ်ယောက်လို ခင်မင်စရာသိပ်ကောင်းပြီး အဖွဲ့ကျခဲ့ပါသေးတယ်။ ဒါပေမယ့် ကံကြမ္မာအလှည့်အပြောင်းမှာ သူတို့တွေနဲ့ ခွဲဖို့ဖြစ်လာရပြန်တယ်။

နောက်ထပ် တတိယမြောက်အိမ်ရဲ့ အိမ်ရှင်ကတော့ သူ့ခင်ပွန်းကချစ်စနိုး ဝါဝါ လို့ခေါ်တဲ့ အစ်မတို့အိမ်ပါပဲ။ နာမည်အရင်းကတော့ နှစ်လုံးမထပ်ပါဘူး။ ထုံးစံအတိုင်း အခန်းဖော် အစ်မရဲ့နာမည်က မသန်းသန်းဦးပါတဲ့။ မန္တလေးသူ ပီပီ ပွင့်ပွင့်လင်းလင်းပြောတတ်၊ လုပ်တတ်ပေမယ့် ခင်ဖို့ကောင်းပါတယ်။ ကိုယ်လိုပျော်တတ်သူမို့ ညီအစ်မလိုဖြစ်ကြရပြန်တယ်။ ဒါပေမယ့် သူ့အလုပ်ကိစ္စတွေက အဆင်မပြေတာမို့ သူမြန်မာပြည်ကို ပြန်သွားခဲ့ပါတယ်။ သူ့နေရာမှာနေဖို့ မအေးအေးမြင့် ဆိုသူ အစ်မတစ်ယောက် ရောက်လာတယ်။ အပျိုကြီး အငြိမ်းစားဆရာမ၊ အချိန်တိုင်း တရားအမြဲထိုင်နေတတ်သူပါ။အဲ့ဒီအိမ်မှာတော့ တော်တော်ကြာကြာလေး နေဖြစ်တယ်။

စတုတ္ထအိမ်ကို ပြောင်းရတဲ့အခါ မြင့်မြင့်အောင် ဆိုတဲ့ ဟင်းချက်ကောင်းတဲ့ ညီမလေးရယ်၊ သင်သင်းညွန့်ဆိုတဲ့ ကလေးမလေးရယ်နဲ့ဆုံရပြန်တယ်။ အဲ့ဒီအိမ်မှာ တစ်နှစ်ကျော်နေပြီး အခုနေနေတဲ့ ပဉ္စမမြောက်အိမ်ကို ပြောင်းလာခဲ့ပါတယ်။ အခုအိမ်မှာရော နာမည်နှစ်လုံးထပ်တွေနဲ့ ကြုံရပါသေးတယ်။ အိမ်ရှင်အစ်မရဲ့ ညီမဖြစ်သူ၊ အလုပ်ကိုအင်မတန်မကြိုးစားပြီး မနားတမ်းလုပ်နိုင်သူ မဖြိုးဖြိုးသန့် ဆိုတဲ့အခန်းဖော်ရယ်။ အလုပ်ကိစ္စနဲ့ နိုင်ငံပေါင်းစုံပတ်ပြီး ခရီးသွားနေရသူ၊ ကိုယ်ချက်သမျှဟင်းတွေကို မငြီးမငြူ အားပေးနေရသူ မမိုးမိုးအောင် ဆိုသူရယ်ဆိုတာ ရှိပြန်ပါသေးတယ်။

နာမည်တွေနဲ့ ပါတ်သတ်ရင် သိပ်ဂရုမစိုက်၊ သိပ်အယူမသီး တတ်ပေမယ့် နောက်ထပ်တွေ့ရဦးမယ့် အခန်းဖော်က နာမည်နှစ်လုံးထပ်ဦးမလားလို့တော့ တွေးနေမိတာပါပဲ။

Monday, November 5, 2012

Attachment

ကျွန်မ ငယ်ငယ်ကတည်းက သံယောဇဉ် သိပ်ကြီးတတ်တယ်။ ကျွန်မ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေအပေါ် သံယောဇဉ်ကြီးသလို တခြားသက်ရှိသက်မဲ့အရာ တော်တော်များများအပေါ်လည်း သံယောဇဉ်ကြီးတယ်။ ကုန်ကုန်ပြောရရင် ကျွန်မမူကြိုတက်တုန်းက ပျော်ပွဲရွှင်ပွဲတွေမှာ ရခဲ့တဲ့ဆုလေးတွေကအစ၊ အိမ်ရှေ့က ပန်းပင်လေးတွေအလယ်၊ အိမ်မှာမွေးထားတဲ့ ကြောင်လေးတွေအဆုံး ကျွန်မ သိပ်တွယ်တာတတ်တယ်။

အဖွားရဲ့အမေ ရှိစဉ်ကတည်းက ကျွန်မတို့အိမ်မှာ ကြောင်လေးတွေမွေးလေ့ရှိတယ်။ ကြွက်ပြေးအောင် မွေးတာလည်းပါသလို ကြောင်ချစ်ကြလို့ မွေးတာလည်းပါတယ်။ အဖြူ၊ အဝါ၊ မီးခိုး၊ အရောင်ကြား စသဖြင့် အရောင်မျိုးစုံလေးတွေရှိတဲ့ ကြောင်ပေါက်စနလေးတွေဆိုရင် ကျွန်မတို့ တစ်အိမ်သားလုံး သိပ်ချစ်ကြပါတယ်။ တစ်ချို့ကြောင်လေးတွေကို မွေးပြီးတဲ့အချိန် ကြောင်မကြီးသေသွားတဲ့အခါမျိုးနဲ့ ကြုံရင် ပိုလို့တောင် သနားလို့ချစ်ကြပါတယ်။

တစ်ချိန်တော့ မွေးထားတဲ့ကြောင်ကလေးတွေ သေသွားတာရယ်၊ အိမ်အောက်ဆင်းရင်း မျက်စိအလည်လွန်ပြီး ပြန်မလာကြတာရယ်နဲ့ အိမ်မှာကြောင်မျိုးဆက်ပျက်သွားပါတယ်။ အိမ်မှာလည်း ကြွက်မရှိတော့တာမို့ ထပ်မွေးဖို့လည်း သိပ်မစဉ်းစားကြတော့ဘူး။ ကြောင်ကိုချစ်ပေမယ့် အညစ်အကြေးစွန့်တာ စည်းကမ်းမရှိတဲ့ကြောင်၊ ထမင်း ဟင်း ခိုးစားတတ်တဲ့ကြောင်ဆိုရင်လည်း စိတ်ညစ်ရမှာမို့ သူများအိမ်ကလည်း မတောင်းချင်ကြပါဘူး။ ကျွန်မတို့အိမ်က ကြောင်တွေက အဘွားရဲ့ ကြိမ်လုံးလေးနဲ့ လက်သပ်မွေးထားတာမို့လားမသိဘူး သိပ်စည်းကမ်းရှိကြတာ။ တစ်ခါတလေများ သူတို့ချေးယိုချင်တဲ့အချိန် ရေချိုးခန်းထဲမှာ အိမ်သားတစ်ယောက်ယောက် ရေချိုးနေတာနဲ့ ကြုံရင် တညောင်ညောင်နဲ့ အော်ဟစ်ပြေးလွှားနေကြတာမျိုးလေ။ အစားအသောက်လည်း သူတို့စားခွက်ထဲမှာ ထည့်ပေးမှ စားကြပါတယ်။

ဖြတ်ပြောရဦးမယ်။ ကျွန်မ ဈေးဝယ်တတ်အောင်ဆိုပြီး ကျောင်းအားတဲ့ရက်ဆိုရင် အမေက ဈေးသွားခိုင်းတယ်။ ကျွန်မတို့အိမ်က လမ်းရဲ့အတွင်းပိုင်းရောက်တယ်ဆိုတော့ ဈေးသွားရင် လမ်းထဲက အိမ်တွေကိုဖြတ်ပြီးမှ ဈေးဘက်ကိုရောက်တယ်။ အဲ့လိုသွားနေရင်း သတိထားမိတာက လမ်းထိပ်က အိမ်တစ်အိမ်မှာ ကြောင်ပေါက်ကလေးတွေ ပြေးလွှားဆော့နေတာပဲ။ အဲ့ဒီအိမ် အိမ်ရှင်အဖွားကလည်း ငယ်ငယ်ကတည်းက တစ်လမ်းတည်းသားမို့ ကျွန်မဈေးသွားတိုင်း နှုတ်ဆက်နေကျ။ တရက်တော့ ကျွန်မမနေနိုင်တာနဲ့ ကြောင်ပေါက်ကလေးတွေ အကြောင်းမေးမိတယ်။ အဖွားက သူတစ်ယောက်တည်း အိမ်လာကူတဲ့ အစ်မကြီးနဲ့ပဲ နေနေတာဆိုတော့ အခုကြောင်တွေ သိပ်များနေလာတဲ့ခါ သူသိပ်ပြီး မထိန်းနိုင်တော့ကြောင်းပြောလာတယ်။ တကယ်လို့များ ယူမယ့်သူရှိရင် နှစ်ကောင်လောက်ကို ပေးလိုက်မယ်လို့လည်း ဆိုလာတယ်။ ဒါနဲ့ ကျွန်မလည်း မဆီမဆိုင် ကြောင်လေးတွေကို နှမြောနေမိတယ်။ သူများကိုပေးမယ့်အတူတူ ငါပဲယူလိုက်မယ်လို့လည်း တွေးမိတယ်။

အဲ့ဒီနေ့က ဈေးကနေ အိမ်ပြန်ရောက်ကတည်းက ကြောင်လေးတွေ သွားခေါ်ဖို့ အမေ့ကို ပူဆာတော့တယ်။ အမေကတော့ အစက အင်တင်တင်ပါပဲ။ ကျွန်မသံယောဇဉ်ကြီးတတ်တာကိုလည်း သူသိထားတော့ သိပ်တော့ လက်ခံချင်ပုံမရဘူး။ အိမ်ရာဝင်လည်း ကြောင်အကြောင်း၊ အိပ်ရာထလည်း ကြောင်အကြောင်း၊ နေ့လည်းပြော ညလည်းပြော ဆိုတော့ အမေလည်း သနားလာတယ်ထင်ပါတယ်။ အဖွားကပေးမယ်ဆိုရင် ညည်းကြောင်တွေ သွားခေါ်ချေလို့ ဆိုလာပါတယ်။ ကျွန်မလည်း အစကတည်းက လိုချင်နေတာမို့ ချက်ချင်းကို သွားခေါ်တယ်။ အဖွားကတော့ ပြောရှာပါတယ် သမီးကြိုက်တဲ့အကောင်လေး ရွေးယူတဲ့။ ဒါပေမယ့် တစ်ကောင်တည်းတော့ မခေါ်ရဘူး၊ နှစ်ကောင်ခေါ်ရမယ်၊ သူတို့ခမျာ အမေနဲ့ခွဲရုံမက၊ အဖေါ်ပါကွဲရင် နေနိုင်မှာမဟုတ်ဘူးတဲ့။ ဒါနဲ့ အဝါလေးတစ်ကောင်၊ အဖြူနဲ့ မီးခိုးကြားလေးတစ်ကောင် ရွေးပြီး ယူလာခဲ့တယ်။

အဲ့ဒီနေ့ကစပြီး အဲ့ဒီနှစ်ကောင်နဲ့ အလုပ်တွေရှုပ်နေတော့တာပါပဲ။ အမေက ကြောင်လေးတွေကို နာမည်ပေးထားသေးတယ်။ အဝါလေးက ဆော့လွန်းလို့ ဖိုးကဲ လို့ခေါ်တယ်။ သူက အထီးလေး။ အကြားလေးကတော့ အမလေးဆိုတော့ သူ့ကို မိကြားလေးလို့ခေါ်တယ်။ ရောက်လာခါစကတော့ နေရာပြောင်းသွားတော့ သိပ်မဆော့ကြဘူး။ ဟိုနားလေး ရှူကြည့်၊ ဒီနားလေးရှူကြည့်နဲ့ အနံ့မှတ်နေကြတယ်ထင်ပါတယ်။ နောက်နေ့တွေတော့ ဆော့လိုက်ကြတာ မမောနိုင်ဘူး။ တစ်ရက် နေ့လည်ပိုင်း ကျောင်းကပြန်လာတော့ နှစ်ကောင်စလုံး မတွေ့ဘူး။ အမေကလည်း အိမ်အလုပ်တွေနဲ့ သတိမထားမိဘူးတဲ့။ ဒါနဲ့ တစ်အိမ်လုံးအနှံ့လိုက်ရှာတော့မှ အိမ်က ညီမရဲ့ အမွေးပွဝက်ဝံရုပ်တွေတင်ထားတဲ့ စားပွဲခုံပေါ်မှာ ဝက်ဝံတစ်ရုပ်စီရဲ့ ဗိုက်ထဲမှာ ဝင်အိပ်နေကြတယ်။ ဇိမ်လုပ်နေကြတာမြင်တော့ ရယ်လည်းရယ်ချင်သလို၊ သူတို့အမေမှတ်နေလား မသိဘူးလို့ တွေးမိပြီး စိတ်မကောင်းလည်းဖြစ်ရတယ်။ အဲ့ဒီနောက်ပိုင်းတော့ သူတို့ အဲ့အရုပ်တွေကြားမှာ ဝင်ဝင်ခွေနေတတ်တယ်။ ဒါလည်း ဆော့တာနားတဲ့အချိန်လောက်ပါ။

ဆော့တာကတော့ ထိန်းလို့ကိုမနိုင်ဘူး ပြောရမယ်။ ဖိုးကဲလေးကို နာမည်ပေးမိတာ ငါတော့မှားပြီလို့ အမေခဏခဏညည်းယူရတယ်။ ကဲလိုက်တာမှ လက်လက်ကိုထ။ ဗီရိုအမြင့်တွေပေါ် အတင်းကုတ်ခြစ်တက် အပေါ်ရောက်ရင် ပြန်ခုန်ချတယ်။ အမြင့်တင်ထားတဲ့ ပုလင်းတို့၊ ဗူးတို့ဆိုတာ သူတို့ကြောင့်ချည်း ပြုတ်ကျတယ်။ ကွဲတတ်တာတွေဆို ကြောင်အိမ်ဗီရိုထဲ သိမ်းထားရတယ်။ တစ်ခါများ လူအလစ်မှာ အပေါ်ထပ် ထပ်ခိုးဝရံတာကနေ အောက်ထပ်ကို ခုန်ချဖို့ လုပ်သေးတယ်။ အကောင်ကငယ်သေးတော့ ဘယ်ခုန်နိုင်ဦးမလဲ။ ကြောက်ပြီး ပြန်ကုတ်ထားတော့ တန်းလန်းကြီးဖြစ်နေတာပေါ့။ ညီမက တွေ့သွားပြီး အော်ဟစ်တော့မှ အပေါ်တက်ပြီး သွားချီချရတယ်။ အဲ့ဒီကောင်က လူလည်၊ သူတစ်ခုခုဖြစ်တော့မှာမို့ ကိုယ်ကသွားချီတာတို့ ကိုင်ပေးရတာတို့ဆို မကုတ်ဘူး။ အသာငြိမ်ခံနေတယ်။ ဒါပေမယ့် နောက် အိမ်ပေါ်ထပ် မတက်ရဲအောင် ကြိမ်ကလေးနဲ့တို့ပေးထားရတယ်။

ဒီနေရာမှာ ပြောစရာရှိတာက ကျွန်မအမေ ဆရာမနဲ့ ကြောင်လေးတွေရဲ့ ဆက်ဆံရေးပဲ။ အမေက ကြိမ်လုံးကလေးကိုင်ပြီး သတိပေးတာကို လုပ်တတ်တယ်။ တိရစ္ဆာန်မို့လို့ ရိုက်တယ် မထင်စေချင်ဘူး။ ကျွန်မဆိုလည်း ငယ်ငယ်က အမေ့ကြိမ်လုံးစာ ခဏခဏမိဖူးတယ်။ အခု ဒီကောင်လေးတွေကိုလည်း ဒီလိုပဲ။ သူ့တပည့်တွေလို၊ သူ့ကလေးတွေလို အမေက ဆုံးမတယ်။ ဖိုးကဲ ငါ့မျက်နှာကြည့်စမ်း၊ ရေချိုးခန်းထဲမှာပဲ အီးပါရမယ်နော်၊ အပြင်မှာ ပါရင် ကြိမ်လုံးနဲ့ ရိုက်ခံရမယ်သိလား။ ကြိမ်လုံးအနံ့ နမ်းထားဆိုပြီး နှာခေါင်းနားတေ့ပေးတတ်တယ်။ နှစ်ကောင်စလုံးကလည်း အမေဆူပြီဆို မျက်နှာသေလေးတွေနဲ့ ကျောင်းအုပ်ဆရာမကြီး စာမေးခံရတဲ့ ကျောင်းသားတွေကျနေတာပဲ။ အဲ့ဒါကိုမြင်တိုင်း ကျွန်မကတော့ တခွိခွိနဲ့ရယ်တယ်။ အခုရေးနေတုန်းတောင် ပြုံးနေမိတယ်။

မိကြားလေးကတော့ ဆော့တာတစ်မျိုး။ ငြိမ်ပြီး ကုတ်ခြစ်နေတတ်တယ်။ စာရွက်တွေမြင်ရင်တော့ ဖြဲတာပဲ။ အဲ့ဒီတော့ စာအုပ်တွေကို လုံအောင်သိမ်းရပြန်တယ်။ သူဆော့ဖို့တော့ စာရွက်အလွတ်တွေ၊ သတင်းစာဟောင်းတွေ ထားထားပေးရတယ်။ ညအိပ်ချိန်မှပဲ နှစ်ကောင်စလုံး ငြိမ်တော့တယ်။ မှတ်မိတာက အဲ့ဒီတုန်းက ဆောင်းတွင်းကြီးဆိုတော့ သူတို့အိပ်တဲ့အခါ တအားအေးတယ်။ ကြောင်ဆိုတာမျိုးက အပူကြိုက်တာဆိုတော့ သူတို့တွေကို ကတ်ထူပုံးတစ်ခုနဲ့ အဝတ်ဟောင်းလေးတွေ ခင်းထားတဲ့ အိပ်ရာလုပ်ထားပေးတယ်။ သူတို့အိပ်သွားမှ နောက်အဝတ်တစ်ထည်နဲ့ စောင်လေးလိုခြုံပေးလိုက်ရင် ကွေးနေကြရော။

ဒါနဲ့ ...
ကျွန်မက တစ်ခါတလေ ရှပ်ပြာရှပ်ပြာ သိပ်နိုင်တယ်။ အထူးသဖြင့် ကျောင်းသွားခါနီးဆို အပေါ်ထပ်က စာအုပ်ဆွဲရ၊ လွယ်အိပ်ကအောက်ထပ်မှာ ဖြစ်လိုဖြစ်၊ အိမ်ရှေ့မှာ စာကြည့်ရင်း ကျန်ခဲ့တဲ့ ဖတ်စာအုပ်ကို ပြေးယူရနဲ့ပေါ့။ မနက်ဆို အိမ်ရှေ့နဲ့ နောက်ဖေး၊ အောက်ထပ်နဲ့အပေါ်ထပ် ပြေးလွှားနေရတာ။ ကြားထဲမှာ အမေပြင်ထားပေးတဲ့ မနက်စာကို ထမင်းစားခန်းပြေးဝင်စားလိုက်၊ စာအုပ်ပြေးထည့်လိုက်လည်း လုပ်သေးတယ်။ ကျွန်မအဲ့လို ရှပ်ပြာရှပ်ပြာလုပ်တတ်တယ်။

တစ်ရက်မှာတော့ ...
ရှပ်ပြာရှပ်ပြာ ကျွန်မနဲ့ ကဲကဲစိန် ဖိုးကဲတို့တွေ့ကြပြီပေါ့။ အဲ့ဒီအချိန်မှာ သူတို့လည်း လှေခါးတက်တာကျွမ်းကျင်သွားပြီဆိုတော့ အပေါ်တက်အောက်ဆင်း လုပ်နေကြပြီ။ ကျွန်မကလည်း ထုံးစံအတိုင်း ကျောင်းသွားခါနီးမှာ ပြာယာခတ်ချိန် ဖိုးကဲက ကျွန်မနောက်က တစ်ကောက်ကောက်လိုက်ဆော့တယ်။ အပေါ်ထပ် ထပ်ခိုးပေါ်တက်တဲ့ လှေခါးအလယ်မှာ ကျွန်မခြေထောက်ကြားထဲ အတင်းဝင်လာတော့ ကျွန်မလည်း ခြေချော်ပြီး လှေကားပေါ်က ချော်ကျတယ်။ နည်းနည်းလန့်သွားတာက လွဲလို့ ကျွန်မခြေထောက်ဘာမှမဖြစ်သွားပါဘူး။ ဒါပေမယ့် ... လှေကားအကွေ့နားမှာ ဝပ်နေတဲ့ မိကြားလေးကို အပေါ်ကို ကျွန်မတက်နင်းမိသွားတယ်။

အကောင်လေးသေးသေးလေးပေါ် အရှိန်နဲ့ နင်းမိသလိုဖြစ်သွားတော့ သူ့ခမျာ တော်တော်ခံလိုက်ရတယ်။ ပိုဆိုးတာက လည်ပင်းနဲ့ မျက်နှာကြားက မေးရိုးကိုနင်းမိသွားတော့ အကြောကိုနင်းမိတယ်ထင်ပါတယ်။ တစ်ကိုယ်လုံး ရွဲ့စောင်းပြီး အကြောလိုက်နေသလိုဖြစ်ပြီး အော်ဟစ်ငိုရှာတယ်။ ဟိုကောင်ဖိုးကဲကတော့ ဆော့ကောင်းတုန်း။ ကျွန်မနဲ့ အမေလည်းလန့်ဖျန့်ပြီး သူ့ကို သေချာလေးကိုင်ကြည့်တော့ အကိုင်တောင် မခံနိုင်ရှာဘူး။ ကျွန်မလည်း ငိုယိုပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတာ။ အမေလည်း ညည်းကတစ်မျိုး ငါဘာလုပ်မှန်းမသိတော့ဘူးဆိုပြီး စိတ်ညစ်ရှာတယ်။ သမီးကျောင်းသာသွားတော့၊ အမေ  ရေနွေးအိတ်လေးကပ်ပြီး လုပ်ကြည့်ဦးမယ်ဆိုပြီး ကျောင်းကို အတင်းသွားခိုင်းတယ်။ ကျောင်းကလည်း အဲ့ဒီနေ့မှ Batch တစ်ခုလုံးစစ်တဲ့ Batch tutorial ရှိနေတော့ မသွားလို့မရဘူး။

ညနေ ကျောင်းကားပေါ်ကဆင်းတာနဲ့ အိမ်ကို ကဆုန်ပေါက်မတတ် ပြေးလာမိတယ်။ မိကြားလေး အခြေအနေလည်း သိချင်နေပြီ။ မခံနိုင်လို့ သေများသွားပြီလားလို့လည်း တလမ်းလုံးတွေနေမိတယ်။ တစ်နေ့လုံးလည်း စိတ်မကောင်းဖြစ်နေမိခဲ့တယ်။ အိမ်ပြန်ရောက်တော့ သူ့ အခြေအနေက သိပ်မကောင်းဘူးရယ်။ ဒါနဲ့ သားအမိနှစ်ယောက် မိကြားလေးကို ခြင်းတောင်းနဲ့ထည့်ပြီး ဆေးခန်းသွားပြကြတယ်။ ဒေါက်တာကလည်း သေသေချာချာ ဂရုစိုက်ပြီးကုပေးပါတယ်။ ဒေါက်တာက အနာသက်သာအောင် ဆေးထိုးပေးတဲ့အခါ ပထမတော့ သူရုန်းတယ်။ ကြောက်အားလန့်အားနဲ့ လူတွေကို ရန်ပြန်လုပ်တယ်။ နောက်တော့ ကျမအမေကပဲ သူ့ကိုဖျောင်းဖျရတယ်။ မိကြားလေး နင်နာနေတာ ငါတို့သိပါတယ်။ အဲ့လိုနာနေတာ သက်သာအောင် ဆေးထိုးပေးမယ်။ ငြိမ်ငြိမ်လေးနေ၊ ဒေါက်တာကို့လည်း ရန်မလုပ်နဲ့ ဆိုပြီးပြောတော့မှ ငြိမ်ကျသွားပြီး ဆေးထိုးခံတယ်။ ကျွန်မကတော့ ခြင်းတောင်းလေးပိုက်ပြီးပဲ အသာကြည့်နေမိတယ်။

မှတ်မှတ်ရရ အဲ့ဒီတုန်းက ရန်ကုန်မှာ ဆောင်းတွင်းအချိန်ပေါ့။ အဲ့ဒီနှစ်ကလည်း ထူးထူးခြားခြား အရင်နှစ်တွေထက် ပိုအေးတယ်လေ။ အအေးဒါဏ်ကြောင့် မိကြားလေးက ပိုပြီးနာနာကျင်ကျင်ခံစားရပါတယ်။ လည်ပင်းစောင်းနေတဲ့ ဒါဏ်ကြောင့် အစားစားဖို့မပြောနဲ့ ရေတောင် မသောက်နိုင်တော့လို့ အပ်မပါတဲ့ ဆေးထိုးပိုက်ကလေးနဲ့ ရေတိုက်၊ နို့တိုက်လုပ်ပေးရပါတယ်။ ချေးယို၊ သေးယိုချင်လို့ အရင်သွားနေကျနေရာကိုပဲ အတင်းဒရွတ်တိုက်သွားတာ မြင်ရတော့ ပိုပြီးဂရုဏာဖြစ်ကြရပါတယ်။

ဒီလိုနဲ့ ဆေးခန်းသွားပြနေရင်းကနေ တစ်ရက်မှာတော့ မိကြားလေး နလန်မထူတော့ပါဘူး။ ဆေးခန်းသွားပြတဲ့အချိန်မှာ အခြေအနေကတော့ သိပ်မကောင်းပါဘူး။ ဒေါက်တာက  "သူ့ခန္ဓာကိုယ်မှာ အအေးဓါတ်များနေပြီ၊ အနွေးဓါတ်လုံးဝမရှိတော့တဲ့အချိန်မှာ သူသေသွားမယ်။ နွေးအောင်ထားပေးရင်း ကိုယ်အနွေးဓါတ်ပြန်များလာရင်တော့ အသက်ရှင်လိမ့်မယ်" လို့ပဲ မှာလိုက်ပါတယ်။ ဆေးခန်းက ပြန်ရောက်တာနဲ့ မိကြားလေးကို သူ့အိပ်ရာပုံးလေးထဲထည့်ပြီး အပေါ်ကနေ အဝတ်ထူထူအုပ်ထားပေးရတယ်။ ကြက်ခြံတွေမှာ ကြက်ဥလေးတွေပေါက်ဖို့ မီးအုပ်ပေးသလိုမျိုး ပုံးကို အပေါ်ကမိုးပြီး မီးအုပ်ဆောင်းတစ်ခုလုပ်ထားပေးရတယ်။ ဒါတောင်မှ သူ့ကိုယ်ပေါ်အုပ်ထားပေးတဲ့ အဝတ်ထူက အေးအေးသွားလို့ အဝတ်ထူနှစ်ခုကို မီးပူထိုးပြီး အလှည့်နဲ့ အုပ်ပေးရတယ်။ အအေးလှိုင်းဖြတ်နေတဲ့ ဆောင်းကာလမှာ လူမမာတစ်ယောက်ကို ပြုစုသလိုမျိုး ပြုစုကြရတယ်။ ဒီလိုနည်းနဲ့ အဲ့ဒီအေးစက်စက်ညတွေကို မိကြားလေး တစ်ကောင် ဖြတ်သန်းနိုင်ခဲ့ပြန်တယ်။

နောက်တစ်ရက်နှစ်ရက်ကြာတော့ အတော်လေးကောင်းလာတယ်။ နလန်ထကာစမို့ အစားအသောက်တောင်းလာတယ်။ ထမင်းပျော့ပျော့နဲ့ နွားနို့တိုက်တာ စားနိုင်လာတာတွေ့လို့ ပြန်ကောင်းလာတော့မယ်လို့လည်း မျှော်လင့်နေကြတယ်။ ဒါပေမယ့် ၃မြောက်လောက်မှာတော့ မိကြားလေးတစ်ကောင် ကျွန်မတို့ကို အပြီးနှုတ်ဆက်သွားပါတယ်။ တစ်ချိန်လုံး သူ့အိပ်ရာပုံးလေးထဲမှာ ခွေနေပေမယ့် သေတဲ့အခါတော့ အိမ်နောက်ဖေး ဝရံတာလေးမှာ သွားသေနေတယ်လေ။ သူ့ကိုကျွန်မကြာကြာမကြည့်ရက်လို့ မျက်နှာလွှဲခဲ့ရတယ်။ အဲ့ဒီနေရာကို ဖိုးကဲက သွားကြည့်မှာစိုးလို့ ဖိုးကဲမျက်လုံးကို အတင်းမှိတ်ထားပြီး မိကြားလေးကို ဖျောက်ဖျက်ပစ်ရတယ်။

မိကြားလေးမရှိတော့တဲ့နောက်ပိုင်း ဖိုးကဲကိုပဲ ငါတို့စောင့်ရှောက်ကြတာပေါ့ဆိုပြီး အမေကကျွန်မကို နှစ်သိမ့်တယ်။ ဟုတ်ပါတယ်လေ ဖိုးကဲကိုတောင် ဂရုမစိုက်မိတာကြာနေပြီ။ သူကတော့ အဖော်မရှိလို့ အရင်လိုမဆော့တော့ ပေမယ့် အကောင်းအတိုင်းပါပဲ။ တိုက်ဆိုင်တာလား၊ သူသိနေလို့လား မသိပေမယ့် မိကြားလေးသေတဲ့ နေရာကိုတော့ သူသွားသွားနမ်းကြည့်နေတတ်တယ်။ မိကြားလေးသေပြီး ၃ရက်မြောက်နေ့မှာပဲ ဖိုးကဲလည်း အဲ့ဒီနေရာမှာပဲ ကျွန်မတို့ကို နှုတ်ဆက်သွားပြန်တယ်။ အကောင်းပတိကနေ ရုတ်တရက်ကြီးဆိုတော့ ကျွန်မတို့တစ်အိမ်သားလုံး မယုံနိုင်အောင်ဖြစ်ရပါတယ်။ သူတို့လေးတွေရဲ့ မောင်နှမသံယောဇဉ်ကြီးမှုကိုလည်း အခုမှတွေ့ဖူးပါတော့တယ်။

                  "The origin of suffering is attachment."

သံယောဇဉ်ဆိုတာ မတွယ်တာမိအောင်နေလို့ ရနိုင်ပေမယ့် တွယ်တာမိပြီဆိုရင်တော့ ဖြတ်ရအခက်သားနော်။ အဲ့ဒီတွယ်တာမိတဲ့ သံယောဇဉ်တွေကြောင့်ပဲ ကျွန်မတို့တွေ နာကျင်မှု၊ ပျော်ရွှင်မှုတွေကို ခံစား၊ စံစားနေကြရတာပါပဲ။ တကယ်တော့ ဘဝမှာ ဘယ်အရာကိုမှ အလွန်အမင်း ဖက်တွယ်ပြီး စွဲလန်းနေလို့ မဖြစ်ပါဘူး။ ကျွန်မတို့ကို ထားခဲ့သူတွေရှိသလို တစ်ချိန်ကျ ကျွန်မတို့လည်း ထားခဲ့ရမှာတွေ ရှိဦးမှာပါပဲ။ ဒါကြောင့် တစ်ဦးနဲ့တစ်ဦး ဆက်ဆံရေးတွေမှာ အမှားနည်းနိုင်သမျှ နည်းအောင် သတိထားမယ်ဆိုရင် တစ်ချိန်မှာ နောင်တကင်းကင်းနဲ့ ထားခဲ့၊ နေခဲ့နိုင်မယ်လို့ ကျွန်မတော့ ယုံကြည်တယ်။ သံယောဇဉ် တွယ်တာမှုကြောင့်ဖြစ်တဲ့ ပျော်ရွှင်မှုကိုစံစားနိုင်ကြပြီး၊ ဆင်းရဲမှုကို မခံစားကြပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်။